Sunday, 4 May 2008

ဒဏ်ရာ

ဝေးသွားပြီဆိုတဲ့
အဖြစ်မှန်ကို လက်ခံဖို့
ငါရင်ဘတ် တစ်ခု
ခံနိုင်ရည် မရှိခဲ့ပါဘူး

တွေးမိလိုက်တိုင်း
ဒီမျက်ဝန်းထဲ
ပြည့်တက်လာတဲ့ မျက်ရည်တွေကြား
ငါဟာ အရောင်ရောင်အမှားမှားနဲ့
မင်းနာမည်လေး ရွတ်ဆိုမိတုန်းပဲ

တကယ်ပါ
ငါ ပြေးထွက်သွားချင်တယ်
ငါ့ခံစားချက်တွေနဲ့ ဝေးရာဆီကို

ဒီဒဏ်ရာဟာ
ဒီလောက်နာကျင်မယ်လို့
အစကတည်းက နင်ပြောပြထားသင့်တယ်
ငါ ပြင်ဆင်ခွင့် ရှိအောင်လေ

နင်နဲ့ဝေးပြီးတဲ့နောက်
ကောင်းကင်ကို မော့ကြည့်တတ်တဲ့ အကျင့်လေးတစ်ခု
ငါ ပိုပြီးတက်မြောက်ခဲ့ပြီပဲ
ဒီမျက်ဝန်းထဲက မျက်ရည်တွေ
ကျမလာအောင် ထိန်းရင်းနဲ့ပေါ့

မှုတ်ထုတ်လိုက်တဲ့ ရှိုက်သက်တိုင်းမှာ
သတိရခြင်းတွေ ပါသွားနိုင်မယ်ဆိုရင်
ငါ့အတွက် တော်တော်သက်သာရာရမှာပဲ
သက်ပြင်းချတိုင်းသာ အသက်တိုတတ်တယ်ဆိုရင်
မနေ့ကတည်းက ငါသေသွားလောက်ပြီ

မပြာပါနဲ့
ဒါဟာ ငါ့အတွက်
အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး
တကယ်ပဲ
ငါတို့နှစ်ယောက်
ဆောင်းအိပ်မက်တစ်ခုကို
မက်ခဲ့တာဆိုရင်
အဲဒီအိပ်မက်ကနေ ငါ့ကိုမနှိုးခင်
မင်း ငါ့ကိုအရင်သတ်ခဲ့သင့်တယ်
မင်းမရှိရင် ငါဘယ်လိုမှမဖြစ်နိုင်တာ
မင်းမှမသိခဲ့တာ

ငါ့ ရင်ဘတ်ထဲက
ငါကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အချစ်တစ်ခု
ဘယ်လောက်ထိ ခမ်းနားနေတယ်ဆိုတာ
ငါ ပြသခွင့်မရှိတော့ဘူးတဲ့လား


စွန့်လွှတ်တယ်ဆိုတာ
လူတွေအမြင်မှာလွယ်ပေမယ့်
ဒီရင်ဘတ်ထဲမှာတော့
သေရာပါ ဒဏ်ရာတစ်ခုပါ

ငါ့ ဘက်ကစွန့်လွှတ်ဖို့
မင်းကိုယ်တိုင်က မျှော်လင့်နေမှတော့
ဒီဒဏ်ရာ နောင်ဘဝထိပါသွားမယ်ဆိုရင်တောင်
ငါ ခံယူပါ့မယ်

မင်း ငါ့ကိုတကယ်မချစ်နိုင်ရင်
ငါ့ဒဏ်ရာတွေ အတွက်
ငါ့ကိုမသနားပါနဲ့
သနားတဲ့အကြည့်နဲ့လည်း
ငါ့မာနတွေကျရှုံးသွားအောင် မကြည့်လိုက်ပါနဲ့
အရာရာအားလုံး စွန့်လွှတ်ခဲ့ပြီးပြီမို့
ငါ့ကို ဒီမာနလေးတော့ ထားခွင့်ပေးပါ။

သဉ္ဇာ